Sunday, January 10, 2010

အမျှဝေခြင်းနှင့် သာဓုခေါ်ခြင်း

လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းလှူဒါန်းသကဲ့သို့ မိမိရပြီးသော ကုသိုလ်စေတနာကို စွန့်ကြဲပေးကမ်း အမျှအတမ်း ဝေသင့်၏။ဤသို့ အမျှအတမ်း ဝေခြင်းကို "ဒါနမယ"ကုသိုလ်ကံဟုခေါ်၏။လှူဖွယ်ဝတ္ထု ပစ္စည်းစုကို စွန့်ကြဲပေးကမ်းလှူဒါန်းပြီးနောက် "သတ္တ၀ါဟူသမျှအား ဤကုသိုလ်အဖို့ကို ပေးဝေဌပါ၏။ကုသိုလ်အမျှရကြပါစေ"ဟု အမျှပေးဝေခြင်းသည် "ပတ္တိဒါန"ကုသိုလ် မည်၏။
မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတစ်ပါးတို့အား အမျှပေးဝေလိုက်သည့်အတွက် အလှူရှင်၏ကုသိုလ်ကောင်းမှုသည် ကုန်မသွားပေ၊ပို၍ တိုးပွား၍သာလာ၏။ဥပမာ အိမ်ခြေတစ်ရာရှိသော ကျေးရွာ၌ တစ်အိမ်သျာမီးရှိ၍ ကျန်အိမ်တို့၌ မီးမရှိသဖြင့် ကိုယ်စီကိုယ်င ဆီနှင့်မီးစာကို ယူကြ၍ မီးရှိသော အိမ်မှမီးကို ကူးယူထွန်းညိုကြရာ ပထမအိမ်ရှိမီးရောင်သည် ယုတ်လျော့ကုန်ခမ်းသွားခြင်းမရှိဘဲ အသစ်ဖြစ်သောမီးရောင်၏ အကူအညီရ၍ ပို၍သာ ထွန်းလင်းတောက်ပလာသကဲ့သို့ ကုသိုလ်မျိုးစေ့တို့ တိုးပွား၍သာလာ၏။(ဤနေရာ၌ သတိပြုရမည်မှာ ကုသိုလ်ကံပြုရာ၌ ခုလုပ်ခုရ ခုရေတွင်းတူး ခုရေကြည်သောက် သဘောမျိုး မထားသင့်ပေ။ချက်ချင်း အကျိုးပေးနှိင်သော ကံသည် အားအလွန်သေး၍ တခြားသော ကံတို့အားဖြင့် ပျောက်ပျက်လွယ်၏အကျိုးပေးကြီးသော ကံသည် ကြာလွန်မှ တခါတရံ နောက်ဘ၀မှ အကျိုးပေး၏။ကုသိုလ်ကံဖြစ်စေ၊အကုသိုလ်ကံဖြစ်စေ၊ရဟန္တာတို့ ပြုလုပ်သော ကြိယာစိတ်ဖြစ်စေ သတ္တ၀ါတို့သည် ကိစ္စရပ် ပြုလုပ်တိုင်း ပြုလုပ်တိုင်း ဇောခုနှစ်ဇောဖြစ်၏။ပထမဇောသည် ပထမဘ၀၌ အကျိုးပေး၏။သတ္တမဇောသည် ဒုတိယဘ၀၌ အကျိုးပေး၏။ဒုတိယဇောမှ စ၍ ဆဌမဇောထိ ဇောငါးဇောသည် တတိယဘ၀မှသည် နိဗ္ဗာန်ရောက်၍ ရုပ်နာမ်ခန္ဓာ မချုပ်ငြိမ်းမချင်း အခွင့်သင့်သလို အကျိုးပေး၏။အကျိုးမပေးဘဲ အဟောသိဖြစ်သွားသော ကံတချို့လည်းရှိ၏။)
"ဤအလှူဒါနကို ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ သုံးဆောင်ဝြကပါစေ၊ကုသိုလ်အမျှရကြပါစေ"ဟု ကွယ်လွန်သူတို့ကို ရည်စူး၍ ပေးလှူလျှင် ထိုကွယ်လွန်သူတို့သည် ပြိတ္တာဘ၀၌ ဖြစ်နေပါက အလှူ၏ဒါနကို သုံးဆောင်နှိင်ကြသည်။ကွယ်လွန်သူတို့က မကောင်းမှုဒုစရိုက်ကို ပြုကျင့်ခဲ့သဖြင့် ငရဲ၊တိရစ္ဆာန်ဘ၀တို့၌ ဖြစ်နေကြလျှင်သော်လည်းကောင်း ၊မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခဲ့သဖြင့် လူ၊နတ်ဘ၀တို့၌ ဖြစ်နေကြလျှင်သော်လည်းကောင်း ရည်စူးသည့်အတိုင်း အလှူဒါနကို မသုံးဆောင်ရချေ။
ကွယ်လွန်သူတို့ ပြိတ္တာဘုံ၌ မဖြစ်ခံသော် အဘယ်သူတို့သည် အလှူဒါနကို သုံးဆောင်ရအံ့နည်းဟူမူ ဤမျှရှည်လျားစွာသော အချိန်အခါဝယ် ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာ အရပ်ဌာနဟူ၍ မရှိနှိင်ပြီ၊သို့ဖြစ်၍ တပါးသော ဆွေမျိုးပြိတ္တာများ သုံးဆောင်နှိင်ကြ၏။ယင်းသို့ ပြိတ္တာဘ၀ဖြစ်ရာ၌လည်း (၁)ပြိတ္တာကိုယ်တိုင်က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နှိင်ခြင်း(၂)အလှူရှင်ပုဂ္ဂိုလ်က ရည်စူး၍ အမျှပေးဝေခြင်း(၃)မြတ်သော အလှူကို ခံယူထိုက်သော သီလ၀န္တအလှူခံပုဂ္ဂိုလဖြစ်ခြင်း ၊ဤအကြောင်းသုံးပါးနှင့် ပြည့်စုံပါမှ တစ်ခဏခြင်း အကျိုးဖြစ်ထွန်း၍ သုံးဆောင်ခံစားရသည်။
သူတစ်ပါးတို့ပေးဝေသော ကုသိုလ်အဖို့ကို ၀မ်းမြောက်စွာ သာဓုခေါ်ခြင်းကို ပတ္တာနုမောဒန ဟုခေါ်၏။သာဓုခေါ်သူသည် အမျှပေးဝေသူ၏ ကုသိုလ်အကျိုးတရားကို ဆင်ခြင်၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် အဘိဓမ္မာဒေသနာအရ သာဓုတစ်ကြိမ်ခေါ်တိုင်း မဟာကုသိုလ်စိတ် ကုဋေတစ်သိန်းကျော် ဖြစ်ပြီး မဟာကုသိုလ်ကံ ကုဋေတစ်သိန်းကျော်ကို ဆည်းပူးရရှိမည်ဖြစ်သည်။
အရှင်မဟာမောဂ္ဂလာန်သည် တာဝတိ့သာနတ်ပြည်၌ အလွန်ကြီးကျယ်ခမ်းနားသော ဘုံဗိမာန်တစ်ခုကို မြင်ရာ စုံစမ်းကြည့်၏။ဗိမာန်ရှင်သည် လူ့ဘ၀၌ ၀ိသာခါကျောင်းအစ်မ၏ ပုဗ္ဗာရုံကျောင်းအလှူကို ၀မ်းမြောက်ဝမ်းသာ သာဓုနုမော် ခေါ်ဆိုခဲ့သည့် ကုသိုလ်ကံကြောင့် ထိုဗိမာန်ပေါ်ပေါက်ကြောင်း မထေရ် သိရှိတော်မူသည်။
ပတ္တိဒါနနှင့် ပတ္တာနုမောဒနတို့သည် ဒါနအုပ်စုတွင်ပါဝင်သော ကောင်းမြတ်သည့် အကျိုးတို့၏တည်ရာ "ပုညကြိယ၀တ္ထု"များဖြစ်ကြ၏။ထို့ကြောင့် အလွယ်တကူရရှိနိုင်သော ဤကောင်းမှုနှစ်မျိုးကို မမေ့မလျော့ပြုကျင့်ထိုက်ပေ၏။

ဒါနအကျိုးကို ဆွေမျိုးပြိတ္တာတို့ ခံစားနိုင်
အခါတစ်ပါး၌ ဇာဏုေဿာဏိ ပုဏ္ဏားသည် မြတ်စွာဘုရားထံချည်းကပ်၍ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးလျှင် ဤသို့လျှေက်ထား၏။
အရှင်ဘုရား....တပည့်တော်တို့ပုဏ္ဏားများသည် ဆွေမျိုးသားချင်းထဲက တစ်ဦးဦးကွယ်လွန်သွားလျှင် ထိုကွယ်လွန်သူကို ရည်မှန်းပြီး အလှူပေးတတ်ကြ၏။ထိုအလှူသည် ကွယ်လွန်သူထံသို့ရောက်ပါသလား
အို ပုဏ္ဏား၊ရောက်သင့်သူထံသို့ရောက်၏။မရောက်သင့်သောသူထံသို့ မရောက် ဟုမြတ်စွာဘုရား ဖြေကြားတော်မူ၏။
အရှင်ဘုရား.... ရောက်သင့်သည့်သူနှင့် မရောက်သင့်သော သူတို့ကား အဘယ်နည်း
အို ပုဏ္ဏား ...ဤလောက၌ အချို့သူတို့သည် သူ့အသက်ကို သတ်ခြင်း၊သူ့ဥစ္စကိုခိုးယူခြင်း စသည့်မကောင်းမှုဒုစရိုက်များကို ပြုကျင့်လေ့ရှိကြ၏။ထိုသူတို့ ကွယ်လွန်သည့်အခါ ငရဲဘုံသို့ရောက်ကြရ၏။သို့မဟုတ် တိရစ္ဆာန်ဘုံသို့ရောက်ကြရ၏။ထိုသူတို့ထံသို့ ဒါနသည် မရောက်
အို ပုဏ္ဏား..ဤလောက၌ အချို့သူတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ကုန်းချောသော စကားမှ၊ရုန့်ရင်း ကြမ်းတမ်းသော စကားမှ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏။သူတပါးအကျိုးကို မဖျက်စီးလိုသော စိတ်ရှိ၏။မှန်ကန်သော အယူရှိ၏။ဤသို့ ကောင်းမှုသုစရိုက်ပြုသူတို့ ကွယ်လွန်ကြသည့်အခါ လူ့ဘုံ၌ပြန်သော် လည်းကောင်း၊ကုသိုလ်ကံ အားလျော်စွာ စတုမဟာရာဇ်နတ်ဘုံ၊တာဝတိံသာနတ်ဘုံ၊ယာမာနတ်ဘုံ၊တုသိတာနတ်ဘုံ၊နိမ္မနရတိနတ်ဘုံ၊ပရနိမ္မိတ၀သ၀တ္တိနတ်ဘုံ စသည်သို့ရောက်တတ်၏။ဒါနမှု၊သီလမှုစသည်တို့၌အားကောင်း၍ ကုသိုလ်ကံသိပ်ကြီးလျှင် ထိုနတ်ဘုံတို့၌ ဆိုင်ရာ အကြီးအကဲရာထူးကို လက်ရှိနတ်မင်းကံကုန်လျှင်သော်လည်းကောင်း ၊ကံမကုန်ခင်သော်လည်းကောင်း ရတတ်၏။ထိုလူတို့ထံလည်း ဒါနသည် မရောက်။
အို ပုဏ္ဏား၊ဤလောက၌ အချိ၊ု့သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်ထားသည့်အတွက် သေလွန်ကြသည့်အခါ ပြိတ္တာဘုံသို့ရောက်ကြ၏။ထိုသူတို့ထံသို့ ဒါနသည် ရောက်၏။(အလှူပေး၍ အမျှပေးဝေလျှင် ထိုပြိတ္တာတို့ သာဓုခေါ်နှိင် သဖြင့် အလှူ၏ အကျိုးကို ရရှိနိုင်ကြ၏။)
ဤသို့ဆိုလျှင် ကွယ်လွန်သည့် ဆွေမျိုးသားချင်းများက ပြိတ္တာမဖြစ်လျှင် ထိုသူတို့အတွက် ရည်စူး၍ ပေးလှူသောဒါနသည် အချည်းအနှီး ဖြစ်သွားပါသလားဘုရား
ပုဏ္ဏား ..ပြိတ္တာဘုံသို့ ရောက်ကုန်သော အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုဒါနကို သုံးဆောင်ခံစားရ၏။
အရှင် ဂေါတမ အကယ်၍ ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ ကလည်း ပြိတ္တာဘုံသို့ မရောက် ၊အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ကလည်း ပြိတ္တာဘုံ၌ မရှိကြလျှင် ထိုဒါနကို မည်သူသုံးဆောင်မည်နည်း
ပုဏ္ဏား ဤမျှရှည်လျားသော သံသရာဝယ် ကွယ်လွန်သူဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာ ဌာနဟူ၍ မရှိ(ဆွေမျိုးပြိတ္တာ ရှိသည်သာတည်း)။အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်
အလှူရှင်က ဒါန၏အကျိုးကို အဘယ်သို့ခံစားခွင့်ရှိပါသလဲ
အို ..ပုဏ္ဏား ၊ဤလောက၌ အချို့သူတို့သည် အသက်ကို သတ်ခြင်း၊မပေးသည်ကို ယူခြင်း၊စသော မကောင်းမှုဒုစရိုက်များကို ပြုကျင့်၏။အလှူအတန်းကို လည်း ပြုလုပ်၏။ထိုသူတို့ ကွယ်လွန်ကြသောအခါ ဆင်၊မြင်း၊ခွေး၊ကြောင်...စသည်ဖြင့် တိရစ္ဆာန်ဖြစ်ကြ၏။ထိုတိရစ္ဆာန်ဘ၀သို့ ရောက်သွားသော်လည်း ပြုစုအားထုတ်ခဲ့သော ဒါနက ပ၀တ္တိအကျိုးကို ပေးသောကြောင့် အဆင်းလှ၏။ချစ်ခင်သူပေါများ၏။အစားအသောက် ပြည့်ပြည့်ဖြိုးဖြိုးရ၏။အဆင်တန်ဆာ အမျိုးမျိုးကို ရ၏။
အို ..ပုဏ္ဏား ၊ဤလောက၌ အချို့သူတို့သည် အသက်သတ်ခြင်း မှ ရှောင်ကြဉ်၏။မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ကိုယ်ကျင့်တရားကို စောင့်ထိန်း၏။ကောင်းမှုသုစရိုက်များကို ပြုကျင့်၏။အလှူအတန်းကို လည်း ပြုလုပ်၏။ထိုသူတို့ ကွယ်လွန်ကြသည့်အခါ လူဖြစ်ကြ၏။နတ်ဖြစ်ကြ၏။ထိုလူ့ဘ၀၊နတ်ဘ၀တို့၌ ဒါနအကျိုးအဖြစ် ကာမဂုဏ်ငါးပါးတို့ကို ရရှိကြ၏။ပုဏ္ဏား အလှူရင်သည် လည်း အလှူ၏အကျိုးကို ခံစားရသည်သာတည်း
အရှင်ဘုရား ဒါန၏ အကျိုးတရားသည် အံဖွယ်ကောင်းပေစွ၊အလှူရှင်သည်လည်း အချည်းအနှီး မဖြစ်သည့်အတွက် လူတိုင်းပင် အလှူပေးသင့်၏။
(ဇောဏုေဿာဏိသုတ်)

1 comment:

  1. သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။

    update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
    တေလေများ

    ReplyDelete

User Online