Tuesday, November 24, 2009

မြစ်တစ်စင်း၊ ချစ်ခြင်းနဲ့ လေညှင်းအရောင်

ခေတ်ပြိုင်ထဲ မြစ်တွေ အများကြီး စီးဆင်းနေဆဲမှာပင် ဖြစ်သည်။ မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဟောဒီမြစ်တစ်စင်းရဲ့ စီးဆင်းမှု အလျဉ်ကတော့ ခရမ်းပြာ မြင်းရိုင်းတစ်ကောင်လို အတန်ငယ် ကြမ်းရိုင်းသည်ဟုသာ ဆိုရမည်ထင်သည်။ သူသည် ချုပ်ချယ်မှုကို စက်ဆုပ်သူ ပီပီ လွတ်လပ်ကျယ်လွင့်သော ပင်လယ်ဆီ တစ်ဟုန်ထိုး ဦးတည် စီးဆင်းဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စား နားလည်သည်။ ထိုအရာမှ တစ်ပါး အခြားမရှိ။ အခြား မသိ။ အခြား ဘာကိုမျှလည်း မကြည့်။ ထိုမြစ်သည် တောကိုတွေ့လည်း မကွေ့၊ တောင်ကို တွေ့လည်း မရှောင်၊ တောင်ဖောက် မြားတစ်စင်းလို ထိုးခွဲ စီးဆင်းဖို့သာ မုန်ပြင်းခဲ့သည်။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ့်မွေ့ခြင်း၊ ဟန်ဆောင် ဘာသာစကား အနက် အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစား။ ခိုတွယ်ဖို့ ပျင်းရိကာ ပစ်ပယ်ခါ ချခဲ့၏။ နေ့မရှိ၊ ညမရှိ၊ နာရီမရှိ။ အချိန်ပြည့် စီးဆင်းဖို့ တစ်ခုတည်းမှာသာ ထာဝရ အာရုံ ငြိလျက်ရှိရာ ပင်ပန်း ဆင်းရဲခြင်းတို့၏ ကုတ်ခြစ်မှုဝယ် သွေးခြင်းခြင်း နီခဲ့ပြီ။ နာကျင်မှု ဒဏ်ရာ ဗရပွဖြင့်လည်း နွမ်းလျလျက် ရှိလေပြီ။

သို့သော် မည်မျှပင် မိုးမည်းမည်း၊ နှင်းသည်းသည်း။ သူ့ရင်ထဲ စမ်းနံဘေးမှာ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ ဆိုတာကတော့ အမှန်တကယ် ဖြစ်ခဲ့လေသည်။



မြစ်တစ်စင်းနှင့် ပမာနှိုင်းနှိုင်း၊ ခရမ်းပြာ မြင်းရိုင်းနှင့် ပမာဆိုဆို။ ဒဂုန်တာရာ ဆိုတဲ့ စာဆိုကြီးကတော့ သူ့ကို အရိုင်း။ အောင်ဆန်း သို့မဟုတ် အရိုင်းဟု တာရာ မဂ္ဂဇင်းက နေ၍ ရုပ်ပုံလွှာ အဖွဲ့တစ်ခုမှာ သွန်းဆစ် ထုပြခဲ့သည်။ထိုအခါ သူက အုံ့ဆိုင်း မှိုင်းညို့ခြင်း မရှိဘဲ ပကတိ အရိုးခံဖြင့် “ဌေးမြိုင်ကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ဒါကတော့ ကြမ်းလွန်းတယ် ထင်တာပဲ။ ငါဟာ ရိုင်းသလောက်တော့ ရိုင်းပါတယ်။ ဒါပေမယ့် မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီး ရှိပါတယ်ကွာ။ မဟုတ်ဘူးလား။ What do you sayဟူ၍ အနီးရှိ ကြင်သူ ဇနီးဘက်သို့ လှည့်ပြီး ပြုံးဖြဲဖြဲနှင့် မေးလိုက်တာကို ကျွန်တော်တို့ မှတ်သားခဲ့ရ ဖူးပါသည်။

တကယ်တော့ သူသည် ပုထုဇဉ် လူသားတစ်ဦး ဆိုသော်လည်း နိုင်ငံရေး သွေးကြောမျှင်များဖြင့် တစ်ကိုယ်လုံး ရက်ဖောက် တည်ဆောက်ထားရာ အနုပညာနှင့်တော့ အနေဝေး အနေ စိမ်းခဲ့ပေသည်။ သို့သော်လည်း လူသာမန်တို့၏ နူးညံ့ သိမ်မွေ့သော စိတ်ထားများ၊ ယဉ်ကျေးမှု အနုပညာကို ခံစား သုံးသပ်လို စိတ်များ လုံးဝချို့တဲ့ ကင်းမဲ့ခြင်း မရှိတာတော့ အမှန်ပဲ ဖြစ်သည်။

၁၉၄၆ ခုနှစ်၏ နှင်းဆွတ် ဒီဇင်ဘာရဲ့ ၀ဲလွင့်နေသော မြူတွေကြား သူသည် အကြေအညာတစ်လွှား ခရီးတွေ တော်တော်များများ သွားခဲ့ရသည်။ ထင်းရှူးနံ့တို့ဖြင့် မွှေးမြနေသော မောတို့၏ ရှမ်းကုန်းမြေမြင့်အရောက်တွင် တိုင်းရေးပြည်ရေး ကိစ္စဖြင့် အလွန်တရာ အလုပ်များခဲ့သော သူ့ဦးနှောက်တွင် အနည်းငယ် ကြည်လင်လာဟန် ရှိသည်။ နှင်းထူထူ မြူဆိုင်းဆိုင်း၊ တောင်ပြာပြာ တောစိမ်းစိမ်း ရှုခင်းများကပဲ ညှို့ချူလာလေသလားမသိ။ ကလောမြို့နား အရောက်မှာ။

“ဂန္ဓမာတောင်___လိုဏ်ချောင် မုခ်နန်းဆီ___ဂုမ္ဘာန် တစ်ထောင် စောင့်ကြပ် ကာဆီးသည်___နတ်ပန်းကလေးနဲ့___နတ်ပန်းကလေးနဲ့ သဏ္ဌာန်တူသည်___ လေယူရာသင်းမွှေးလို့ လှိုင်ကြည်___ဘုန်းသမ္ဘာရှင် မျှော်ကိုးကာ စောင့်ခဲ့ပြီ___” ဟူ၍ သူသည် ကျည်ဆံ တစ်တောင့် ထိုးဆောင့် ထွက်သွားသလိုမျိုး တူရိယာဂီတ မဆန်သော အသံသြသြကြီးဖြင့် အားပါးတရ သီဆိုလိုက်၊ သူ၏ လက်ဝဲဘက်ရှိ ဇနီးသည်၏ ပေါင်ကို လက်ဝါးဖြင့် စည်းချက် လိုက်သလို ပုတ်လိုက် လုပ်နေရာ နောက်နားမှာ ခပ်ကုပ်ကုပ် လိုက်ပါလာသော သတင်းထောက် အဘိုးကြီး ဦးပုကလေး ပင် ပြုံးစိစိနှင့် သူ၏ ကော်ကိုင်း မျက်မှန်ကြီးထဲက တအံ့တသြ ငေးကြောင် ကြည့်နေမိသည်။ ပြီးတော့ ဗိုလ်ထွန်းလှသို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

တက္ကသိုလ် အင်းဝဆောင်မှာတုန်းက ကျုပ်အသံက သီချင်းဆိုလို့ လုံးဝ မဖြစ်လို့ပါဟု ၀န်ခံခဲ့ဖူးသော သူက “ဒိုရာသန်းအေး အသံကလေးက ကောင်းတော့ အတော် ကောင်းတယ်ကွ၊ ငါတော့ သူ့အသံရယ်၊ မေရှင့်အသံ ရယ် အကြိုက်ဆုံးပဲ”ဟု ကလောမြို့ အ၀င်တွင် ရင်ဖွင့်လိုက်ပါသေးသည်။ ဒီလိုပါပဲ။ သူခရီး ထွက်တိုင်းလိုလိုပင် ကြည်ကြည်လင်လင်နှင့် စိတ်လို လက် ရရှိသည့် အခါတိုင်း စိတ်ထဲရောက် လာသည့် ကာလပေါ် သီချင်းတွေကို သူ့အသံ သြသြကြီးဖြင့် သူရသလောက် တစ်ပိုင်းတစ်စဖြစ်ဖြစ် ဟစ်လိုက် ညည်းလိုက် လုပ်လေ့ရှိတာ သူနှင့်အတူ ပါလာသူများ အသိပါပဲ။

ပြီးတော့...။
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ___ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ ဆိုသော ပြည်လှဖေနှင့် မေရှင်တို့၏ သက်ဝေ သီချင်းကား သူ သဘောအကျဆုံး သီချင်း တစ်ပုဒ် ဖြစ်သည်။ သူအိမ်မှာ ရှိနေစဉ် အဲဒီသီချင်း ရေဒီယိုက လာ လို့ကတော့ အိပ်ရာပေါ်မှိန်း၍ ဇိမ်ဖြင့် နားထောင်လေ့ ရှိစမြဲ။ သက်ဝေ သီချင်း ကို သူဘယ်လောက်အထိအောင် စွဲပါ သလဲ ဆိုလျှင် ၁၉၄၇ ခုနှစ် နှစ်ဆန်း၊ သူ ဘိလပ် ရောက်သွားသည့် အထိပင် ဖြစ်သည်။ အဲဒီမှာ သူ့အသည်းစွဲ အဆို တော် ဒိုရာသန်းအေးနှင့် သွားတိုးသည်။ သူတို့ ကိုယ်စားလှယ် အဖွဲ့ ပြည်တော် မပြန်မီညက မန်ချက်စတာ ဟိုတယ်၌ ညစာစားပွဲ ကျင်းပရာ ဘိလပ်ပြန်သန်း လည်း တက်ရောက်သည်။ ထမင်းစား ပွဲအပြီးမှာ ထုံးစံအတိုင်း အဆိုတော်ကို တေးသံသာဖြင့် ဖြေဖျော်ရန် ၀ိုင်းပွဲ တောင်းကြ၏။

ထိုအခါ သူက
“ဒိုရာ၊ ဟိုသီချင်းဟာလေ ဓူဝံ ကြယ်မြေမှာ ခကြွေ၊ အဲ...အဲ။ သက်ဝေ သီချင်း ဆိုစမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုပြီး သံပြိုင် ဆိုရမည့် “ဓူဝံ ကြယ်___မြေမှာခကြွေ___”အပိုဒ်သို့ အရောက်တွင် သူကိုယ်တိုင် ပါဝင်၍ သံပြိုင်သီဆိုကာ ဂီတ ရေလျဉ်ကြောတွင် မျောပါခဲ့ဖူးသည် မဟုတ်ပါလား။

“ဟေ့...ဖိုးတာရာ၊ ကဉ္စန သီချင်း တီးစမ်းပါ”

တွန့်ခါ ညံဆူနေတဲ့ အသံထူထူ ကြားမှ ကသောကမျော ပြောလိုက်သူကား ထိုစဉ်က မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်တေဇ ပင် ဖြစ်သည်။ အချိန်ကား ၁၉၄၂ ခု၊ ဧပြီလ ၅ ရက်နေ့ည။ မိတ္ထီလာ ကိုလှမောင် အရေးတကြီး မိန်းမ ယူလိုက်သဖြင့် ဘီအိုင်အေခေတ် ပထမဦးဆုံး ပွဲဦးထွက် မင်္ဂလာဆောင် အခမ်းအနားမှာပါပဲ။ စန္ဒရား တီးနေသော ဒဂုန်တာရာတို့လူစု လည်း ချက်ချင်းပင် ခြောက်ပေါက်သံ ပြောင်း၍ အသံခင်းပေးလိုက်ရသည်။

အဲဒီမှာပဲ...။
“ရွှေသားရုပ်သွင်___ခင်မင် စရာဝယ်__ မျက်နှာတော်ဝါ၀ါဝင်း__ _ရွှေလမင်းကြီးပုံနှယ်___ပတ္တမြား အသွေးနဲ့ တူညီပါတယ်___ပါးကလေး က မြင်ရသူလည်း အသည်းစွဲတယ် ___”

ခြောက်ပေါက်သံလည်း မကျ၊ ခုနစ်သံလည်း မကျဘဲ ဘယ်လိုမှ ဂီတ မဆန်သော သူ့အသံသြကြီးဖြင့် ဆိုချလိုက်ရာ တော်တော်ကြီး ပွဲကျသွားလေ သည်။ သံစဉ်တွေ ဖရိုဖရဲဖြစ်နေ၍ ဗိုလ်ဇေယျ၊ သခင်ချစ်၊ ကိုထွန်းအုံ၊ နယူးဘားမား ကိုတင်မောင်တို့ လူစုက သီချင်းကို သံပြိုင်လိုက်ကာ ကူဆိုပေး လိုက်မှ အပေါက်လမ်း တည့်မတ် သွားခဲ့ဖူးသည်။ တကယ်တော့ သူ့သူငယ်ချင်း ကိုလှမောင် ဖျာပုံသူ အပျိုချော မသန်းရင်နှင့် ချစ်ပွဲဝင်တော့မည့် ညတွင် သူ့စိတ်ထဲ အားကျ သလိုလို ၀မ်းနည်းသလိုလိုနှင့် ဘာလိုလိုဖြစ်ကာ သူ့ ၀ါသနာ သူ့အရာ မဟုတ်သော သီချင်းကို ကောက်ကာငင်ကာ ဆိုလိုက်ခြင်း ဖြစ်ပေသည်။

ပြီးတော့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းအား “ဖိုးလှမောင် တစ်ယောက် မကောင်းဘူး ဆရာကြီးရဲ့။ ကျွန်တော်တို့ လုပ်ငန်းတွေ မပြီးခင် မိန်းမယူတယ်”ဟု ရယ်သလို မောသလို တိုင်တောခဲ့သေးသည်။ ထို့နောက် သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင် လူအေးတို့ ရှေ့ဆင့် နောက်ဆင့် အိမ်ရာ ထူထောင် သွားကြသည်။ အမှန်အတိုင်း ဆိုလျှင် သူလည်း ရွှေလည် တွဲချင်လှပြီ။ ကမ်းရှာ ငှက်တစ်ကောင်လို မေတ္တာ အေးရိပ်တွင် မှေးမှိတ်ချင် လှပြီ။ သို့ဖြင့် “ငါတို့တစ်တွေ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပြီးမှ အိမ်ထောင်ပြုကြမယ်”ဟူသော အယူ အဆကို မှန်ပါလေစ၊ သဘာဝကျပါ စဟု ဆဆ၀ါးဝါး အတွေး ပွားလာမိလေသည်။ အဘယ်ကြောင့်ဆိုသော် “ငွေသော်တာ ရောင်ခြည် ထိန်လင်းတော့သည်___ဘုံကြိုး ပြတ်တဲ့ မိုးနတ်မဒီ၊ သဒ္ဓါကပိုသည်။ ဆရာမကိုပဲ အသည်းစွဲ အောင် ချစ်မိပြီ” မို့ ဖြစ်၏။
လဟာ ညနဲ့ ငြိနေသလိုမျိုးဟု လည်း ဆိုနိုင်သည်။

ဖြစ်ပုံက ဤသို့...။
သူနေ့မသိ ညမသိ မနားမနေ အလုပ် လုပ်လွန်းသဖြင့် ပင်ပန်း နွမ်းနယ်ကာ အပြင်းအထန် ပန်းဖျားဖျားရာ အတန်တန် ငြင်းဆန်နေသည့် ကြားမှ ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း အနားယူဖို့ အကြောင်းက ဖန်လာသည်။ အဲဒီမှာ စိတ်ရှည်ရှည်နှင့် သည်းခံပြုစု ပေးရှာသည့် ဣနြေ္ဒရှင် လုံးကြီးပေါက်လှ သူနာပြု ဆရာမနှင့် တွေ့ဆုံပြီး ကြင်နာ နွေးထွေးသော ပြုစုယုယမှု အောက်တွင် သူ၏ မာတောင့် အေးခဲနေသော စိတ် ဓာတ်သည် အရည် ပျော်ပျော့ပျောင်းလာ ရုံမက ဆေးဆိုလည်း ဆရာမ မခင်ကြည်တိုက်မှ၊ အစာဆိုလည်း ဆရာမ မခင်ကြည်ကျွေးမှ အထိ ဖြစ်လာလေ တော့သည်။

လရောင် သွန်းဖွဲသော ညတစ်ည မှာပါပဲ။သူသည် ဗိုလ်စကြာနှင့် အတူ ရောက်လာပြီး ဒေါက်တာ မြင့်ဆွေကို ခေါ်သည်။ “တယောယူပြီး လိုက်ခဲ့စမ်း ပါဗျာ။ ဟိုဆရာမ မခင်ကြည်တို့ဆီ အလည် သွားရအောင်”ဟု ဆိုကာ ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့် အခန်းသို့ ချီ တက်သွားလေသည်။ အခန်းဝ ရောက်သည့်အခါ သူက “ဆရာမ ဧည့်သည် လာတယ်”ဟု အသံပြုသည်။ ဆရာမက အံ့သြပြုံးရွှင်စွာ “ဗိုလ်ချုပ်တို့ အလည် လာကြသလား၊ ထိုင်ကြပါ၊ ဧည့်ခန်းထဲ က အိုက်ပါတယ်။ ၀ရန်တာ ထွက်ရအောင်” ဟု ပဋိသန္ဓာရပြု ဖိတ်ခေါ် သည်။

“ဆရာမ၊ ကျွန်တော်တို့ တစ်တွေဟာ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းတဲ့ ခရီး တစ်လျှောက်မှာ ဆရာမတို့လို ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံ ရောက်မှ အခုလို ပြုစု ယုယတဲ့ ဆရာမ တို့နဲ့တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူးမိတယ်ဗျာ”ဟု ပီတိနှောပြော ပြီး ဆိုင်းမဆင့် ဗုံမဆင့်ပင် “ကိုင်း... ဆရာမ သီချင်း တစ်ပုဒ်လောက်ဆို စမ်းပါ၊ ဒေါက်တာမြင့်ဆွေက တယော ကိုင်ဗျာ” ဟု ဇွတ်ကြီး ပွဲတောင်းတော့သည်။

“အို...ဗိုလ်ချုပ်ကလည်း ရှက်စရာ ကြီး၊ ဘယ်ဆိုတတ်ပါ့မလဲ”ဟု မူနွဲ့ နေရာ
“ဆိုသာဆိုပါ။ ရှက်စရာ မရှိပါဘူး။ ကျွန်တော်တို့ချည်းပဲ ရှိတာပါ” ပြောသဖြင့် ဆရာမခမျာ အဆိုတော် မေရှင်၏ မယ်ခုမျှော်ကို ဆိုပြရသည်။ သီချင်း ဆုံးသွားသည်နှင့် “သိပ်ကောင်း တာပဲဗျာ။ တစ်ခေါက် ထပ်ဆိုပြပါဦး” ဟု ပူဆာပြန်သဖြင့် ဒုတိယမ္ပိ ဆိုပြရ ပြန်သည်။ ပြန်ပြောလျှင် သံယောဇဉ် ရယ်ပေါ့။

တစ်နေ့...။
ညနေ ငါးနာရီခန့်တွင် သူသည် ရွှေပေါက်ပင် ဦးဘသိန်းနှင့် အတူ ဒေါက်တာမြင့်ဆွေ အခန်းသို့ ရောက်လာပြီး “လာဗျာ၊ မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ”ဟု ကောက်ကာငင်ကာ ခေါ်သဖြင့် ဒေါက်တာမြင့်ဆွေ လိုက်သွားခဲ့ရသည်။ မခင်ကြည်တို့ အခန်းဝ ရောက်သည့် အခါ သူက “မိန်းမ တောင်းရ အောင်လာတယ်”ဟု ပေါ်တင်ကြီး အော်ပြော လိုက်သဖြင့် မခင်ကြည် ရှက်ကိုး ရှက်ကန်းဖြင့် အခန်းထဲ ပြေးဝင် သွားရသည်။ ဒါလည်း မရပါဘူး။ အတင်းအော် ခေါ်နေသဖြင့် အခန်းထဲက ထွက်လာရပြန်သည်။ ထိုအခါ သူက “ကျွန်တော် လာတာ တခြား မဟုတ်ဘူး။ မိန်းမတောင်း ရအောင် လာတာ”ဟု အတည်ပေါက် ပြောလိုက်ရာ ဣနြေ္ဒရှင်ခမျာ နှင်းဆီသွေး ဖြန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံးပြုံးနေရရှာလေသည်။
အို...ဘယ်လိုလူကြီးလဲ။

သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။

သခင့်အပါးတွင် နေထိုင်ခွင့်ကို
တစ်ခဏမျှ ပေးသနားရန်
ငါတောင်းပန်ပါ၏။
လက်ဝယ်ရှိသည့်
ပြုဖွယ်ကိစ္စ ဟူသမျှကို
နောင်ကျမှသာ ပြီးစီးစေပါတော့အံ့။
တဂိုး၊ ဂီတဉ္ဇလီ-၅
တကယ်ဆို...။

သူ့နှလုံးသားသည် နားနေခြင်းကိုလည်း မသိ၊ ဖြေသိမ့်ခြင်းကိုလည်း မသိရှာဘဲ နာကျင် နွမ်းလျလျက် ရှိခဲ့တာ ကာလကြာခဲ့ပြီ။ ပခုံးပေါ်က သူ့အလုပ် တာဝန်တွေကလည်း တိမ်တစ်ဆုပ်လို ပေါ့ပေါ့ပါးပါး မဟုတ်။ ရွာမည် တကဲကဲဖြင့် ထာဝစဉ် အုံ့ခဲဆိုင်းညို့လျက်။ သောင်ကမ်း မရှိသော အခက်အခဲ ပင်လယ်မှ အဆုံးမရှိသော လှိုင်းတံပိုးတို့ သူ့ဘ၀ လှေကလေးကို တ၀ုန်းဝုန်း ရိုက်ပုတ် ချိုးဖဲ့လျက် ရှိသည်။
ကြည့်လိုက်တော့လည်း...။

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှ အပကို မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ သဘင်၊ ပန်းချီ စသော အနုပညာ ရပ်များကို မလိုက်စားဟူသော ဆရာ ဒဂုန်တာရာ စကားအတိုင်း သူ့ကိုယ် သူ အတင်း ယဉ်ကျေးအောင် မလုပ်၊ သူနေတတ်သလို သူ၏ နဂိုအတိုင်း ခပ် ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင် ဘဲ နေတတ်သူ။

အဲဒီလို မာမာထန်ထန် ထာဝရ မှုန်ဆန်နေသော လူတစ်ယောက်သည် အခုတော့ အချစ်၏ ရှေ့တော်မှောက်သို့ ရောက်ရှိကာ အချစ်နှင့် တို့ထိခြင်းကို ခံရလေပြီ။ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုကတော့ အချစ်နဲ့ တို့လိုက်ရင် လူတိုင်းဟာ ကဗျာ ဆရာဖြစ်လို့ လာတယ်ဟု အခိုင်အမာ ဆိုခဲ့ဖူးပါသည်။ အခုလည်း ဘာထူးလဲ။ သူ့ရင်ထဲ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ မဟုတ်လား။

မင်းချမ်းမွန်

(ဒေါက်တာ မြင့်ဆွေ၊ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်နှင့် ဒဂုန်တာရာ၏ အောင်ဆန်း (သို့မဟုတ်) အရိုင်းတို့ကို ဖတ်ရှု ခံစားရေးဖွဲ့ပါသည်။)

ကောင်းတာလေးတွေ တွေ.ရင်မျှဝေချင်တဲ.စိတ်နဲ. ရွှေအမြုတေမဂ္ဂဇင်းမှာပါတဲ. ဆောင်းပါးလေးကို ခွင်.တောင်းပြီး ပြန်လည်ဖော်ပြပါသည်။

3 comments:

  1. ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့ရဲ့ ဇတ်လမ်းလေးကို ပြန်ရေးထားတာ ဖတ်လိုက်ရတော့ လွတ်လပ်ရေးအတွက် အမတို့ တိုင်းပြည်ကို ကိုယ်ကျိုးစွန့်သွားတဲ့ ဗိုလ်ချုပ်ကို သတိရလွမ်းဆွပ်မိတယ်။ အခုလို တိုင်းပြည်ရဲ့ အညွန့်အဖူးတွေ ခူးစားတတ်တဲ့ လူမျိုးတွေကို ဗိုလ်ချုပ်များ အသက်ရှင်လျှက် တွေ့ရင် ဘယ်လောက်များ ရင်နာမလဲ မသိဘူး။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ရွှေအမြုတေမှာတော့ ဖတ်ဖူးတယ် ကောင်းတာမြင်ရင်မျှဝေ ချင်တဲ့ စိတ်ကို လေးစားပါတယ်ဗျာ အလွယ်တကူဖတ်ရပြုရတာပေါ့

    ReplyDelete
  3. ဗိုလ်ချုပ်အကြောင်းလေးဖတ်ရတော့ အတော်လေးသဘောကျတယ်ဗျာ။ စိတ်ထားရင့်ရင့်နေတတ်တဲ့ ဗိုလ်ချုပ်ဆီမှာ လက်ရုံးရေကော၊ နှလုံးရေပါ ရှိတာပဲဗျာ။:)

    ReplyDelete

User Online